နှလုံးသားလေးကို ဂရုစိုက်ရအောင်
ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ နှလုံးသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်...။ဇာတ်ကားတွေထဲမှာသာမက အပြင်မှာပါ နှလုံးရောဂါရှိသူဆိုလျှင် အရမ်းဂရုစိုက်ကြရသည် မဟုတ်လား..။
အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သည့်၊ အသက်ပါသွားနိုင်သည့် ရောဂါတစ်မျိုးမို့ ဂရုစိုက်မခံရလျှင် နေပါစေ၊ နှလုံးရောဂါတော့ မဖြစ်ပါရစေနှင့် ဆိုသည့်သူက အများစုဖြစ်မည် ထင်ပါသည်..။ မဖြစ်ပါရစေနှင့်ဟု မည်သို့ပင် ဆိုစေကာမူ ကမ္ဘာပေါ်တွင် နှလုံးရောဂါ ဝေဒနာကို ခံစားနေရသည့် ဝေဒနာရှင်အရေအတွက်က နေ့စဉ်နှင့်အမျှ တိုးပွားနေသည်မှာ ငြင်းမရသည့် အမှန်တရားပင်..။
နှလုံး၊ သွေးတိုး၊ ဆီးချို ဟူသော ရောဂါအစုံလိုက် အတွဲလိုက် ဖြစ်နေသူတွေလည်းရှိ၊ နှလုံးသွေးကြောကျဥ်း၊ နှလုံးအပေါက်ကျယ် စသဖြင့် တစ်မျိုးစီ၊ နှစ်မျိုးတွဲ ဖြစ်နေသူတွေလည်းရှိကြရာ အမျိုးမျိုးအဖုံဖုံ စုံလင်လှပါသည်ဟု ပြောရမှာပင်..။
နှလုံးရောဂါကို သူဌေးရောဂါဟုလည်း ဆိုကြသေးသည်..။အဆီအစိမ့်များစား၊ ထိုင်ရာမထ လဲလျောင်းရင်း အခြွေအရံများကို ခိုင်းရုံနှင့်ရသည့်သူတွေ အဖြစ်များ၍ဟူလို..။ စိတ်ထိခိုက်၊ စိတ်ဖိစီးမှု များသည့်သူများမှာလည်း အဖြစ်များ၍ သူဌေးရောဂါ သီးသန့်ဟုလည်း ပြော၍ မရပြန်ပါပေ...။
ဘာကြောင့်ဖြစ်ဖြစ် မဖြစ်အောင် ဂရုစိုက်ကာကွယ်မှ တော်ရာကျသည့် ရောဂါဖြစ်သည်ကတော့ အမှန်ပင်...။
မွေးရာပါ နှလုံးရောဂါ မဟုတ်လျှင် ကာကွယ်၍ ရမည့်နည်းလမ်း အများကြီးရှိပါသည်(မွေးရာပါဆိုလျှင်တော့ ကုသရမည်ပေါ့)...။ နှလုံးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ....
ဆားနဲ့သကြားများများ စားသုံးခြင်းကို ရှောင်ပါ
အစားအသောက်ထဲမှာ ဆားတွေများလွန်းခြင်း၊ အငန်တွေ စားလွန်းခြင်းသည် သွေးတွင်းဖိအားများပြီး သွေးတိုးရောဂါ ဖြစ်စေနိုင်သည်..။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်...။ ထို့ကြောင့် စားသည့် အစားအစာထဲမှာ ဆားဘယ်လောက်ပါသလဲ ချင့်ချိန်ပြီးမှ တတ်နိုင်သလောက်လျှော့ချသင့်ပါသည်...။ ထို့အတူ သကြားနှင့် အချိုဓာတ် လွန်ကဲစွာ စားသုံးပါကလည်း ကိုယ်အလေးချိန်တက်၊ သွေးတိုး၊ နှလုံးနှင့် ဆီးချိုရောဂါများကို ဖြစ်စေနိုင်ပါသည်..။ သင်က အချိုကြိုက်ပြီး ဆီးချိုရောဂါ မရှိသေးလျှင် ပူတင်းတွေ၊ ကိတ်အချိုတွေ စားမည့်အစား သဘာဝသစ်သီးချိုချိုလေး စားတာမျိုး၊ ဒိန်ချဥ်သောက်တာမျိုးက ကျန်းမာရေးနှင့် ပိုညီပါလိမ့်မည်...။
ပြည့်ဝအဆီများကို ရှောင်ပါ
ပြည့်ဝအဆီပါသည့် အစားအစာများမှာ ထောပတ်၊ မာဂျရင်း၊ တိရိစ္ဆာန်အဆီများ၊ မလိုင်နှင့် ချိစ်လို နို့ထွက်ပစ္စည်းများ၊ ကိတ်မုန့်လို ပြုပြင်ထားသည့်အစာများ ဖြစ်သည်...။ ပြည့်ဝအဆီများက သွေးတွင်း ကိုလက်စထရောကို မြင့်တက်စေသည်...။
လုံးဝမရှောင်နိုင်ပါက အဆီထုတ်ထားသည့်နို့ သောက်ခြင်း၊ အစားအစာတွေကို ဆီများများနှင့် ကြော်စားမည့်အစား ကင်စား၊ ပြုတ်စားခြင်းများ လုပ်သင့်ပါသည်...။
နှလုံးကျန်းမာစေသည့် အစာများ စားပါ
ပိုတက်ဆီယမ် ကြွယ်ဝသည့် အစားအစာများ (ငှက်ပျောသီး၊ အုန်းသီး၊ သံပုရာ၊ လိမ္မော်မျိုးနွယ်ဝင်များ စသဖြင့်) က နှလုံးညှစ်အားကောင်းစေသည်...။
အမျှင်ဓာတ်များသည့် အသီးအရွက်များ (ကန်စွန်းဥ၊ သရက်သီး၊ အရည်ရွှမ်းသည့်အသီးများ၊ပဲများ)က သွေးတွင်း ကိုလက်စထရောကို ကျစေသည်...။
ဗိုက်တာမင်နှင့် သက်စောင့်ဓာတ်များပါသည့် ဟင်းသီးဟင်းရွက်များစားပေးခြင်း၊ ပဲပိစပ်စသော ပရိုတင်းဓာတ်ကြွယ်ဝသည့် ပဲများကို စားပေးခြင်း၊ အစေ့အဆန်များ စားပေးခြင်း မျိုးကလည်း နှလုံးကျန်းမာရေးကို အထောက်အကူ ပြုလှပါသည်...။
အဆီများသည့် ငါးစားပါ
အဆီများသည့် ငါးများတွင် နှလုံးကျန်းမာရေးအတွက် အရေးပါသည့် Omega 3 fatty acids ပါပါသည်...။ ဆာဒင်းငါး၊ တူနာငါး၊ ဆယ်လမွန်ငါး စသည့် ပင်လယ်ငါးများ မကြာခဏစားပေးပါက ဖြည့်စွက်စာသောက်စရာ မလိုဘဲ Omega 3 fatty acids လုံလောက်စွာ ရနိုင်ပါသည်...။
အကယ်၍ သက်သတ်လွတ် စားသူဖြစ်ပါက ဟင်းနုနွယ်၊ အစေ့အဆံများ၊ ပဲပိစပ်၊ ရွှေဖရုံသီး၊ Canola Oil၊ Flexseeds နှင့် Flexseed Oil စသည်တို့မှ Omega 3 fatty acids ကို ရနိုင်ပါသည်...။
အခြားအချက်များ
- ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်က နှလုံးရောဂါ ဖြစ်စေနိုင်ကြောင်း ထူးပြီးပြောရန် လိုမည်မထင်ပါ...။ နှလုံးရောဂါအပြင် ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်၍ လုံးဝမသောက်သည်က အကောင်းဆုံးပင်...။
- အယ်လ်ကိုဟော လျှော့ပါ
အရက်နှင့် အယ်လ်ကိုဟော ပါဝင်သော အဖျော်ယမကာများက သွေးတွင်းဖိအားကို များစေပါသည်...။ လုံးဝရှောင်ကြဥ်စရာ မလိုဘဲ အလွန်အကျွံ သောက်သုံးခြင်းမှ ရှောင်ကြဥ်ရုံနှင့် ရပါသည်...။ အမျိုးသမီးများသည် တစ်နေ့ ၂ ခွက်မှ ၃ ခွက်သောက်နိုင်ပြီး အမျိူးသားများသည်ကား တစ်နေ့ ၃ ခွက်မှ ၄ ခွက်လောက်ထိ သောက်၍ရပါသည်..။
- ကိုယ်လက်လှုပ်ရှားပါ
ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သူတွေမှာ နှလုံးရောဂါ ပိုဖြစ်နိုင်ပါသည်...။ တစ်နေ့ကို နာရီဝက်မှ တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်လျှင် နှလုံးရောဂါကို ကာကွယ်နိုင်ပါသည်...။လမ်းလျှောက်မလား၊ ပြေးမလား၊ လေ့ကျင့်ခန်းလုပ်မလား..ကြိုက်တာကိုသာလုပ်ပါ...။ လှုပ်ရှားရန်ပဲ လိုပါသည်...။
- ကိုယ်အလေးချိန် ထိန်းပါ
ဝတဲ့သူတွေက ရောဂါပိုများသည်ကို လူတိုင်းသိသည်ပင်...။ ကိုယ်အလေးချိန်တက်နေလျှင်လျှော့၊ မတက်သေးလျှင် တက်မလာအောင်ထိန်းခြင်းက နှလုံးရောဂါကို ကာကွယ်ပါသည်...။
ကိုယ်လက်လှုပ်ရှားလုပ်၊ အစားအသောက် အနေအထိုင် Lifestyle ကို ပြုပြင်ခြင်းဖြင့် ထိန်းပါ...။
- သွားကျန်းမာရေးကို ဂရုစိုက်ပါ
သွားနှင့်သွားဖုံး မကျန်းမာလျှင် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၂ဆ မြင့်တက်စေသည်ဟု ဆိုပါသည်...။ သို့ကြောင့် အစာစားပြီးတိုင်းသွားတိုက်ပါ..။ စားကြွင်းစားကျန်များ ဖယ်ရှားပါ..။ သွားပိုးစားခြင်းနှင့် သွားရောဂါများမဖြစ်အောင် ကာကွယ်ပါ..။
- စိတ်ဖိစိမှုများ လျှော့ချပါ၊ မဖြစ်အောင်ရှောင်ပါ
စိတ်ဖိစီးတဲ့အခါ ဆေးလိပ်ပိုသောက်ခြင်း၊ အရက်အများကြီးသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိတော့ခြင်းများ ဖြစ်နိုင်သည့်အပြင် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲမှ ထွက်လာသည့် ဟော်မုန်းများကလည်း နှလုံးအပါအဝင် ကိုယ်တွင်း ကလီစာတွေကို ထိခိုက်စေတာ၊ အိုမင်းရင့်ရော်လွယ်တာတွေ ဖြစ်စေသည်မို့ စိတ်ဖိစီးမှုများကင်းအောင် ရှောင်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်..။
တရားထိုင်ခြင်း၊ အကောင်းမြင်ခြင်း၊ သီးချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စသဖြင့် ကိုယ်ကြိုက်တဲ့နည်းနဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါသည်..။
နှလုံးသားလေး ကျန်းမာမှ နှလုံးညှစ်အားကောင်းပြီး ညှစ်ထုတ်လိုက်သော သွေးများက တစ်ကိုယ်လုံးလိုအပ်သမျှ နေရာများသို့ လုံလုံလောက်ရောက်ပြီး ကျန်းမာကြံ့ခိုင်သော ဘဝကိုရရှိနိုင်ပါမည်...။
နှလုံးသားလေး ကျန်းမာအောင် ယခုကစ ဂရုစိုက်ကြပါစို့...။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်